သွေးသွင်းရမှာ ကြောက်စရာကောင်းလား
သွေးဆိုတာ ခန္ဓာကိုယ်ရဲ့ နေရာအနှံ့အပြားမှာ လိုအပ်တဲ့ မရှိမဖြစ်အရာပါ။ စက္ကန့်နဲ့အမျှ နှလုံးသွေးနဲ့ အောက်ဆီဂျင်တွေကို သွေးလွှတ်ကြောတွေကတဆင့် ပို့ဆောင်ပေးနေပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အဆိပ်အတောက်တွေကို ပြန်လည်စွန့်ထုတ်ဖို့ သွေးပြန်ကြောတွေက ပြန်လည်သယ်ဆောင်ပေးနေတာပါ။
သွေးသွင်းတယ်ဆိုတာ လူတစ်ယောက်ရဲ့
သွေး နဲ့ သွေးရဲ့ပါဝင်ပစ္စည်းတွေကို နောက်တစ်ယောက်ကို သွေးပြန်ကြောမှတဆင့် သွင်းပေးတာ ဖြစ်ပါတယ်။
သွေးသွင်းတာဟာ လူတစ်ယောက်ရဲ့ အသက်ကို ကယ်နိုင်တဲ့ လုပ်ငန်းစဥ် တစ်ခုပါ။
ဘယ်လို အခြေအနေမှာ သွေးသွင်းဖို့ လိုအပ်သလဲ?
- ခွဲစိတ်ကုသတဲ့အခါ
- ထိခိုက်ဒဏ်ရာရတဲ့အခါ
- ဒါဏ်ရာ အနာတရကြောင့် သွေးဆုံးရှုံးမှုများတဲ့အခါ
- လူကီးမီးယား သွေးကင်ဆာ
- လင်ဖိုးမား ပြန်ရည်ကျိတ်ကင်ဆာ
- Thalassemia ရောဂါ
- Hemophilia သွေးမတိတ်ရောဂါ
- သွေးအားနည်းရောဂါ
- ကင်ဆာရောဂါ အမျိုးမျိုးတို့မှာလည်း သွေးသွင်းဖို့ လိုအပ်လေ့ ရှိပါတယ်။
ထုတ်လိုက်တဲ့ သွေးအတိုင်းပဲ သွင်းမှာလား၊ သွေးရည်ကြည်၊ သွေးဥမွှား၊ သွေးနီဥ စသဖြင့် သွေးရဲ့အစိတ်အပိုင်းတွေအဖြစ် ခွဲထုတ်ပြီးမှ သွင်းမှာလား ဆိုတာ လူနာရဲ့ရောဂါအခြေအနေနဲ့ ခံနိုင်ရည်ပေါ် မူတည်ပါတယ်။ လတ်ဆတ်တဲ့သွေးသွင်းမှရမှလား၊ သွေးဘဏ်ထဲမှာ သိမ်းထားတာကြာတဲ့သွေးသွင်းရင်ရောရလားဆိုတာကလည်း လူနာရဲ့လိုအပ်မှုအခြေအနေပေါ် မူတည်ပါတယ်။ သွေးလှူတဲ့သူက ကိုယ်အလေးချိန်ပြည့်မှ၊ သွေးအားပြည့်မှ သွေးသွင်းခံရတဲ့သူကလည်း ပြည့်ပြည့်ဝဝရ၊ လှူတဲ့သူကလည်း မူးဝေသွေးအားနည်းသွားတာတွေ မဖြစ်မှာပါ။
သွေးသွင်းတာဟာ အသက်ကယ်တာဆိုပေမယ့် သွေးသွင်းခံရခြင်းရဲ့ ဆိုးကျိုးတွေလည်း ရှိပါတယ်။
(1) လူသိအများဆုံးကတော့ ရောဂါပိုးတွေ ကူးစက်ခံရတာပါ။ အသည်းရောင်ဘီပိုး၊ စီပိုး၊ HIV ပိုး နဲ့ ဘက်တီးရီးယားပိုးတွေ ကူးစက်ခံရနိုင်ပါတယ်။
သွေးမလှူခင် သွေးလှူရှင်ကို ဘီပိုး၊
စီပိုး နဲ့ HIV ပိုးရှိမရှိ စစ်ဆေးပြီးမှ လက်ခံတဲ့အတွက် အတိုင်းအတာတစ်ခုထိတော့ ကာကွယ်နိုင်ပေမယ့် window period လို့ခေါ်တဲ့ ရောဂါပိုးရှိပြီး စစ်တဲ့အခါ antibody မပြသေးတဲ့ ကာလမှာ သွင်းမိရင်တော့ ကူးစက်ခံရနိုင်ပါတယ်။
Window Period က ၁ လကနေ ၆ လထိ ရှိနိုင်ပါတယ်။
(2) Transfusion reaction လို့ခေါ်တဲ့ အလှူခံသူရဲ့ ကိုယ်ခံအားစနစ်က သွေးလှူရှင်ရဲ့ သွင်းလိုက်တဲ့သွေးတွေကို တိုက်ထုတ်ပစ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။
သွေးသွင်းနေစဥ်...
- ယားယံပြီး အနီစက်တွေပေါ်လာတာ၊
- ချမ်းတုန်လာတာ၊
- အသက်ရှူကျပ်လာတာ
- ရင်တုန်နှလုံးခုန်မြန်လာတာ
- ခြေတွေလက်တွေ အေးစက်လာတာ
- ဆီးအရောင်ရင့်လာတာ စတဲ့လက္ခဏာတွေပေါ်လာရင် သွေးကိုချက်ချင်းရပ်ပြီး ဖြေဆေးတွေ၊ အသက်ကယ်ဆေးတွေ ထိုးပေးဖို့ လိုအပ်နိုင်ပါတယ်။
သွေးမသွင်းခင် အလှူရှင်ရဲ့သွေးနဲ့ လူနာရဲ့သွေး တည့်မတည့် အရင်စစ်ဆေးပြီးမှ သွင်းလေ့ရှိပေမယ့် ဓာတ်မတည့်တာ ဖြစ်နိုင်သေးတဲ့အတွက် သွေးသွင်းနေစဥ်မှာ စောင့်ကြည့်ပြီး သွေးပေါင်ချိန်၊ သွေးခုန်နှုန်းတွေ မကြာခဏ တိုင်းသင့်ပါတယ်။
(3) သွေးသွင်းရာမှာ သုံးတဲ့သွေးအိတ်တွေ မသန့်တာ၊ သွေးကို အခန်းအပူချိန်မှာ အကြာကြီးထားပြီး သွင်းတာမျိုးတွေက ဘက်တီးရီးယားတွေ ပေါက်ဖွားစေပြီး ပိုးဆိပ်ဝင်တာလည်း ဖြစ်နိုင်ပါသေးတယ် (ပုံမှန် သွေးတစ်လုံးကို ၄ နာရီအတွင်း သွင်းရပါတယ်)။
ဘယ်လိုကာကွယ်မလဲ?
- မလိုအပ်ဘဲ သွေးမသွင်းပါနဲ့။
- သံဓာတ်ချို့တဲ့လို့ သွေးအားနည်းတာဆိုရင် သံဓာတ်အားဆေးသောက်တာ၊ သံဓာတ်ပါတဲ့ အစားအစာတွေ စားတာမျိုး လုပ်လို့ရရင် လုပ်ပါ။
- သွေးအားနည်းရောဂါ မဖြစ်အောင် အာဟာရ စုံလင်စွာ စားပါ။
- ခွဲစိတ်ကုသချိန်လိုအပ်လို့ သွေးသွင်းရနိုင်ခြေရှိရင် မခွဲခင် ရက်ပိုင်းအလိုတည်းက မိမိသွေးကို ကြိုထုတ်ထားပြီး လိုအပ်ရင် ကိုယ့်သွေးကိုယ်ပြန်သွင်းတာမျိုး လုပ်လို့ရရင် လုပ်ပါ (သွေးအားပြည့်နေဖို့တော့ လိုတာပေါ့)။
- မတတ်သာလို့ သွင်းရမယ်ဆိုရင် စိတ်ချရမယ့် သွေးလှူရှင် ရှာထားပါ။
သွေးသွင်းတာက အသက်ကယ်တာဖြစ်နိုင်သလို သွေးသွင်းတာကတဆင့် ရောဂါကူးတာ နဲ့ ဓာတ်မတည့်တဲ့ တုံ့ပြန်မှုတွေကြောင့် အသက်အန္တရာယ်ရှိနိုင်တဲ့အတွက် ရလာမယ့်ကောင်းကျိုးနဲ့ ဖြစ်လာမယ့် ဆိုးကျိုးကို ချိန်ဆပြီး သွေးသွင်းသင့်၊ မသွင်းသင့် ဆုံဖြတ်နိုင်ကြပါစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။